မရှိမဖြစ် အောက်ဆီဂျင် လို့ ဘာကြောင့် ပြောနေရတာလဲ
ကိုယ့်ရဲ့ ချစ်သူလေးကို တင်စားတဲ့အခါ "မင်းက ကိုယ့်ရဲ့ အောက်ဆီဂျင်လေးပါပဲ" လို့ ပြောတတ်ကြပါတယ်။ မင်းမရှိရင် မဖြစ်ပါဘူးပေါ့။ အဲဒီလို မရှိရင်မဖြစ်တဲ့ အောက်ဆီဂျင်က ခန္ဓာကိုယ်အတွက် ဘာတွေလုပ်ပေးနေလို့ မရှိမဖြစ်တာလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။
အသက်ရှူတဲ့အခါ အောက်ဆီဂျင်တွေကို ရှူသွင်းရတယ်၊ ရှူထုတ်တဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို ရှူထုတ်ရတယ် ဆိုတာလောက်ကိုတော့ အများအားဖြင့် သိထားကြမှာပါ။
လေထုထဲမှာ အောက်ဆီဂျင်က ၂၁ ရာခိုင်နှုန်း ပါပါတယ်။ ရှူသွင်းလိုက်တဲ့ လေထဲက အောက်ဆီဂျင်တွေဟာ အဆုတ်ထဲက လေအိတ်ငယ်လေးတွေ (Alveoli) ဆီကို ရောက်သွားပါတယ်။ အောက်ဆီဂျင်တွေကို လေအိတ်ငယ်လေးတွေနဲ့ ဆက်စပ်နေတဲ့ ဆံခြည်မျှင်သွေးကြောလေးတွေ (Capillaries) ကတဆင့် သယ်ဆောင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးက ဆဲလ်တွေဆီကို ပို့ဆောင်ပေးပါတယ်။
သွေးကြောကနေ အောက်ဆီဂျင်ကို သယ်ဆောင်ပေးတာက ဟေမိုဂလိုဘင်တွေပါ။ သွေးနီဥ (Red Blood Cells) တွေရဲ့ ဟောမိုဂလိုဘင်လို့ခေါ်တဲ့ အစိတ်အပိုင်းကို အောက်ဆီဂျင်တွေက တွယ်ကပ်ပြီး ဆဲလ်တွေဆီကို ရောက်အောင် သွားရပါတယ်။ ဒါကြောင့် သွေးအားနည်းတဲ့သူတွေမှာ ဟေမိုဂလိုဘင် လျော့နည်းပြီး စွမ်းအင်လုံလောက်စွာ မရလို့ ဖြူဖျော့ပြီး မောပန်းအားကုန်နေတတ်ပါတယ်။
ဆဲလ်တွေထဲက Mitochondria ဟာ အောက်ဆီဂျင်ကို အသုံးပြုပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင် (Energy) ကို ထုတ်လုပ်ပေးတဲ့ အစိတ်အပိုင်းပါ။ Mitochondria တွေက အောက်ဆီဂျင်ကို အသုံးပြုပြီး အစာခြေရာက ရရှိလာတဲ့ အာဟာရတွေကို ဆဲလ်တွေက တိုက်ရိုက်အသုံးပြုနိုင်တဲ့စွမ်းအင် ATP အဖြစ်ထုတ်လုပ်ပေးပါတယ်။ အောက်ဆီဂျင် လုံလောက်နေတဲ့အခါ ဂလူးကိုစ့်မော်လီကျူးတစ်ခုကနေ ATP စွမ်းအင် ၃၆ ယူနစ်အထိ ထုတ်လုပ်ပေးနိုင်ပြီး အောက်ဆီဂျင် မရှိတဲ့အခါ ATP ၂ ယူနစ်သာ ထုတ်လုပ်ပေးနိုင်ပါတယ်။
အောက်ဆီဂျင်ဟာ ခန္ဓာကိုယ်ထဲကို ဝက်ရောက်လာတဲ့ ရောဂါပိုးတွေနဲ့ Free Radicals လို့ခေါ်တဲ့ အဆိပ်အတောက်တွေကို တိုက်ထုတ်ရာမှာလည်း အရေးပါပါတယ်။
ခန္ဓာကိုယ်မှာ အောက်ဆီဂျင် လျော့နည်းရင် ဘာတွေဖြစ်မလဲ?
ကားမီးခိုးငွေ့တွေ၊ စက်ရုံအလုပ်ရုံက မီးခိုးတွေ၊ အမှိုက်မီးရှို့တဲ့ အငွေ့တွေနဲ့ ညစ်ညမ်းနေတဲ့ လေထုကို ရှူနေရသူတွေအဖို့ သန့်စင်တဲ့ အောက်ဆီဂျင်ကို လုံလောက်စွာရဖို့ မလွယ်ပါဘူး။
အောက်ဆီဂျင်လျော့နည်းလာတဲ့အခါ…
- စွမ်းအင် လုံလောက်စွာ မထုတ်နိုင်တော့လို့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မလုပ်ငန်းတွေ ကမောက်ကမ ဖြစ်စေပါတယ်။ အကျိုးဆက်အနေနဲ့ ခန္ဓာကိုယ်မှာ အဆိပ်အတောက်တွေ စုပုံလာပါလိမ့်မယ်။
- Mitochondria တွေက အလုပ်ကောင်းစွာ မလုပ်နိုင်တော့ဘဲ Oxidative Stress ဖြစ်လာကာ Free Radicals တွေ ပိုမိုစုပုံလာပါလိမ့်မယ်။
- အောက်ဆီဂျင်မရှိရင် အရင်ဆုံး ဒုက္ခရောက်တဲ့ ကိုယ်အင်္ဂါက ဦးနှောက်ပါ။ အောက်ဆီဂျင် လုံးဝပြတ်လပ်သွားရင် ၃ မိနစ်ကနေ ၅ မိနစ်အတွင်း ဦးနှောက်သေသွားနိုင်ပါတယ် (ဆေးပညာအားဖြင့် ကိုမာလို့ခေါ်ပါတယ်)။ အောက်ဆီဂျင် လျော့နည်းနေတဲ့အခါ မှတ်ဥာဏ်လျော့နည်းလာတာ၊ ခေါင်းမူးခေါင်းကိုက်တာ၊ အားအင်ကုန်ခမ်းနေတာတွေ ခံစားရပါလိမ့်မယ်။
အောက်ဆီဂျင်မလုံလောက်တဲ့ ပမာဏနဲ့ အချိန်အတိုင်းအတာပေါ် မူတည်ပြီးနှလုံးနဲ့ သွေးကြောရောဂါတွေ၊ အသည်းရောဂါ၊ ကင်ဆာရောဂါနဲ့ ဦးနှောက်နဲ့ အာရုံကြောရောဂါတွေ ဖြစ်နိုင်ပါတယ်။ အောက်ဆီဂျင် လုံးဝ ပြတ်လပ်သွားရင်တော့ မိနစ်ပိုင်းအတွင်း အသက်အန္တရာယ် ရှိနိုင်ပါတယ်။
အောက်ဆီဂျင်ကို လုံလောက်စွာ ရဖို့ သန့်စင်တဲ့ လေထုဖြစ်ဖို့ လိုပါတယ်။
- မိမိနေထိုင်တဲ့ နေရာက လေထုညစ်ညမ်းနေရင် မြို့ပြင်ဘက်၊ ပင်လယ်ကမ်းခြေဘက် သွားပြီး လေကောင်းလေသန့် ရှူပေးပါ။
- အိမ်တွင်းမှာ လေထုသန့်စင်စက် Air Purifier တပ်နိုင်ရင် တပ်ပါ။
- အသက်ရှူပုံရှူနည်းကလည်း အရေးကြီးပါတယ်။ နှာခေါင်းကနေ အဆုတ်ထဲရောက်တဲ့ထိ (ဝမ်းဗိုက်ဖောင်းလာတဲ့ထိ) လေဝအောင် ရှူသွင်းပြီး ပါးစပ်ကနေ ဖြည်းဖြည်းချင်း ရှူထုတ်တဲ့ လေ့ကျင့်ခန်းကို မကြာခဏ လုပ်ပေးပါ။
နှလုံးရောဂါ၊ အဆုတ်ရောဂါနဲ့ သွေးရောဂါတွေ ရှိနေရင်လည်း အောက်ဆီဂျင် လုံလောက်စွာ မရနိုင်တာမို့ မိမိမှာ ရောဂါတွေ ရှိနေရင် အချိန်မီ စစ်ဆေးပြီး ကုသမှု ခံယူဖို့ လုပ်သင့်ပါတယ်။
အောက်ဆီဂျင်များရင်ရော ဘာဖြစ်မလဲ?
အောက်ဆီဂျင်ဟာ နည်းရင်မကောင်းသလို များရင်လည်း မကောင်းပါဘူး။ အောက်ဆီဂျင်များတဲ့အခါ (Oxygen Toxicity) အဆုတ်ပျက်စီးပြီး မောကြပ်တာ၊ ချောင်းဆိုးတာ၊ အသက်မရှူနိုင်တာ၊ ဦးနှောက်က ဆဲလ်တွေ ထိခိုက်ပြီး တက်တာ၊ ပျို့အန်တာ၊ အမြင်ဝါးတာတွေ ဖြစ်နိုင်သလို Free Radicals တွေလည်း စုပုံလာစေပါတယ်။
အောက်ဆီဂျင်ဟာ နည်းရင်လည်းမကောင်း၊ များရင်လည်းမကောင်းတဲ့ မရှိမဖြစ်လေးပါ။ ခန္ဓာကိုယ်မှာ စွမ်းအင်တွေ ပြည့်ဝနေစေဖို့၊ တက်ကြွလန်းဆန်းနေစေဖို့ အရေးအပါဆုံး အရာလေးမို့ အောက်ဆီဂျင်တွေ ပြည့်ဝလုံလောက်နေအောင် အခုကစပြီး အသက်ရှူလေ့ကျင့်ခန်းတွေ စလိုက်ကြပါစို့။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်
nay lin 07 May 2023 |
yes